ယောက်ျား ၁ယောက်ရဲ့ ဖြစ်တည်မှု
မိန်းမ ၁ယောက်ကို ချစ်မိတဲ့ အခါ တခြားဘယ်လို ခံစားချက်မျိုးကို ပူးတွဲခံစားရလေ့ ရှိပါသလဲ...
အချစ်ရဲ့ နောက်မှာ အခြားခံစားမှု ၁ခုခုလဲ ပူးတွဲဖြစ်တည် လာတတ်သည်ဟု ကျွန်တော်ထင်သည်...
ဥပမာ.. လေးစားမှု.. သနား ကရုဏာ စသဖြင့်ပေါ့ ...
ကျွန်တော်ကတော့ သူမကို ချစ်သည့် အချစ်နှင့်အတူ မနာလိုမှုကိုပါ ပူးတွဲခံစားရပြီး ကိုယ့်ကိုကိုယ်လဲ သိမ်ငယ်စိတ်တွေ ၀င်ခဲ့ရသည်။ ကျွန်တော့်ကို အဲဒီလို ဖြစ်အောင်လုပ်သည့် တရားခံကတော့ သူမကိုယ်တိုင်ပဲ ဖြစ်သည်။
တကယ်ဆို သူမ သိပ်တော်နေဖို့မကောင်းပါ။ မိန်းမဆိုတာ နဲနဲလေးတော့ ညံ့ဦးမှပေါ့။ ဒါမှလည်း ကျွန်တော်တို့ ယောက်ျားတွေမှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက်ညံ့သည့် မိန်းမ၁ယောက် ကို ဖေးမကူညီ သနားငဲ့ညှာ လိုက်ရလို့ (တစ်နည်းအားဖြင့် ဆရာလုပ်လိုက်ရလို့) ခံစားလိုက်ရတဲ့ ယောက်ျား၁ယောက်ရဲ့ ပီတိ...
တကယ်တော့ သူမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကိုက "မိန်းမတံခွန် လူရည်ချွန်၊ မိုးစွန်တမွတ် ကြယ်ကို ဆွတ်မည်" ဆိုတာမျိုးဖြစ်သည်။ သူမလိုချင်သော ဘယ်အရာကိုမှ (အချစ်တစ်ခုက လွဲပြီး) ကျွန်တော့်ထံက မတောင်းဆိုခဲ့ဖူးချေ။ ပြီးတော့ ဘယ်အရာမှာမှ ကျွန်တော့်ကို မှီခိုဖို့ မစဉ်းစားချေ။ ဘတ်စ်ကားတိုးစီးကြလို့များ ကျွန်တော်ကသူ့ကို ဖေးမဆွဲခေါ်ဖို့ လက်ကမ်းလျင် သူမက ကျွန်တော့်လက်ကိုမမြင်၊ ဘတ်စ်ကား လက်ကိုင်တန်း ကို ဆုပ်ကာ ကားပေါ်လွှားခနဲ အရင်ရောက်သွားပြီးမှ...
"ကိုရေ.. လာ လာ ဒီဘက်ကို.. ဒီဘက်မှာ နေရာရှိတယ်.. ဒီမှာ လာထိုင်"
ဟု ကျွန်တော့်ကို လှမ်းဆွဲခေါ်ကာ ၁ခုတည်းသော ခုံလွတ်မှာ ထိုင်ခိုင်းလေသည်။ သူမ အဲဒီလိုလုပ်လျင် အနားကလူတွေက ကျွန်တော့်ကို အားနွဲ့သူအလား အထင်မှားကာ ပြုံးစေ့စေ့ လှမ်းကြည့်ကြသည်။ ကျွန်တော့်မှာ မျက်နှာကို ဘယ်သွားထားရမှန်း မသိချေ။
"ကို.. လာထိုင်လေ"
သူမက အလိုက်မသိ လှမ်းခေါ်ပြန်လျင် ကျွန်တော်က မျက်နှာထားကို တင်းကာ ...
"မင်း ထိုင်"
"အို.. ကို ပဲ ထိုင်ပါ.. ကျွန်မက အပင်ပန်းခံနိုင်တယ်.. ကိုသာ ကြာကြာ ၇ပ်စီးရရင် ညောင်းတယ်..မူးတယ် ဖြစ်လာတတ်တာ.. လာထိုင်ပါ ကိုရဲ့.."
"မထိုင်ဘူးကွာ"
"ဘာဖြစ်လို့လဲ"
ကျွန်တော်က အလိုက်ကန်းဆိုး မသိသော သူမနားနား ကပ်၍ ခပ်ကျိတ်ကျိတ် ပြောရသည်မှာ...
"ငါက ယောက်ျားကြီးလေကွာ.. ယောက်ျား တန်မဲ့ ခုံလုထိုင်ပြီး မင်းကငါ့နား ရပ်နေတာ အဓိပ္ပါယ်ရှိလို့လား။ အဲဒီင်္လိုလုပ်လိုက်ရင် ငါဘယ်လောက် အောက်သွားမယ်ဆိုတာ မင်းနားမလည်ဘူးလား.. ဟိုမှာ လူတွေလည်း ကြည့်နေတဲ့ဟာ.."
"သြော်..ကိုက ဘတ်စ်ကားစီးတဲ့ နေရာမှာတောင် ကျား၊မ ခွဲခြားမှု ရှိသလား.. ကျွန်မ စိတ်ထဲတော့ ယောက်ျား မို့လို့ အနစ်နာခံရမယ်၊ မိန်းမမို့လို့ အသာစီးလေးနေရမယ် ဆိုတာမျိုး မရှိပါဘူး၊ ကိုယ်ချစ်တဲ့သူ ပင်ပန်းမှာစိုးရင် ဦးစားပေးလိုက်တာပဲလေ..."
"မင်းလဲသေလိုက်" ဟု ကျွန်တော် အော်ပြော လိုက်ချင်သည်။
သူမကတော့ အဲလိုတွေမှ အစပြုကာ ယောက်ျား ၁ယောက်ရဲ့ အခန်းကဏ္ဍ ပျောက်ဆုံးအောင် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။ တစ်နေရာရာကို အတူသွားကြလို့ ရေသောက်ချင်လျင် ရေသန့်ဘူး ပြေးဝယ်သူက သူမဖြစ်သည်။ ရေသန့်ဘူး ဖောက်ပေးသူကလည်း သူမဖြစ်၏။ သူမငှားနေသည့် အိမ်မှာ မီးချောင်းဆင်တာ၊ မီးဖိုပြင်တာ၊ ဖြူးစ် ပျက်တာ စသည်များကို သူပဲသိ၊ သူပဲတတ် ဖြစ်အောင် လေ့လာထားကာ ကိုယ်တိုင် လုပ်ဆောင်တတ်သေးတာမို့ ကျွန်တော့်မှာ အသေးအမွှားကစလို့ ဘာကလေးမှ လက်စွမ်းပြ ကူညီခွင့်မရချေ။ သူမရှေ့မှာ "ကိုယ် ဘာကူညီရမလဲဟင်" ၊ "အကူအညီလိုရင် ကိုယ့်ကို ပြောနော်" ဟု သွားပြောလို့ကတော့ ကိုယ်သာ ငပေါကြီး ဖြစ်သွားပေမည်။
သူမက အလုပ်ကို မနားတမ်း လုပ်နိုင်သူလည်း ဖြစ်သည်။ သင်တန်းပေါင်းစုံတက်ရ၊ အချိန်ပိုင်းအလုပ်၊ အချိန်ပြည့်အလုပ်နှင့် ဒီကြားထဲ စိန်ပွဲစား၊ ကားပွဲစား ဆိုတာမျိုး ကြုံလျှင်ကြုံသလို လုပ်သေးသည်။ ပင်လဲပင်ပန်း အိပ်ရေးတွေလဲပျက်ကာ မျက်တွင်းဟောက်ပက်ကျနေလို့ ချစ်သူရှေ့မှာ အလှပျက်နေမှာကိုလဲ မစိုးရိမ်တတ်ချေ။ ပြီးတော့ သူမက ချုံးချုါံ်ကျနေသော အခြယ်အသကင်းသည့် မျက်နှာနှင့် ကျွန်တော့်ကို ပြောသေးသည်။
"ကိုရေ... ကျွန်မတို့လက်ထပ်တဲ့ အချိန်ကြရင် တိုက်ခန်းလေး ၁ခန်းတော့ အပိုင်ရှိမှ ဖြစ်မှာ သိလား... အဲဒါကြောင့် ကျွန်မ အရမ်းကြိုးစားနေတာ.. ကျွန်မ ပိုက်ဆံစုထားတာလဲ တော်တော်များနေပြီ.. ပွဲခဆိုတာ အမြဲမရနိုင်ပေမယ့် ရရင်လဲ မြိုးမြိုးမြက်မြက်ပဲ မဟုတ်လား.. သိပ်မကြာခင် ကိုယ်ပိုင် စီးပွားရေးလေး ၁ခုတော့ စမှဖြစ်မယ်.. သူများ ၀န်ထမ်းချည်းလုပ်နေရင် ကြီးပွားဖို့ လမ်းမမြင်ဘူး"
သူမက အဲလိုပြောတော့ ကျွန်တော်ဆိုတဲ့ ယောက်ျား၁ယောက် က ဘာသွားလုပ်ရမည်နည်း။ သူမ ကျွန်တော်နဲ့ လက်ထပ်ပြီးတဲ့အခါ သူမကပဲ လုပ်ကိုင်ရှာဖွေကျွေးမွေး တာဝန်ယူတော့မည့် ပုံမျိုး အရာရာကို စွမ်းဆောင်ပြချင်နေသည်။ တကယ်လဲ စွမ်းဆောင်နိုင်သူကြီးမို့ သိပ်မကြာခင် ဂျပန် ဒိုမက်စတစ် တီဗွီတွေကို ဈေးသက်သက်သာသာ နှင့် ၀ယ်ကာ ရပ်ကွက်ထဲမှာ တီဗွီဂိမ်းဆိုင်၊ စာအုပ်ငှားဆိုင်၊ ခွေငှားဆိုင်လေး စဖွင့်လို့ တဖြေးဖြေး ကြီးမားကျယ်ပြန့်လာကာ အင်တာနက်ကဖေးဆိုင်လေးပါ ဖွင့်သွားနိုင်ပြီ ဖြစ်သည်။
သူမက အောင်မြင်လေ တော်လေ ထက်လေ၊ ကျွန်တော့်မှာ သိမ်ငယ်စိတ်ကို ခံစားရလေ ဖြစ်ခဲ့သည်။ ကျွန်တော့် ပတ်ဝန်းကျင်ကလဲ သူမကိုသာ ချီးမွမ်းစကားတွေ တွင်တွင် ပြောလျက်ရှိသည်။
"ခင်ယုယ က အရမ်းထက်တယ်နော်၊ ဒါတောင်မှ သူ့မှာဘာ ကျောထောက်နောက်ခံမှ မရှိဘဲ ၁ယောက်ထဲ ကုန်းရုံး ကြိုးစားရင်း အဆင်ပြေလာတာ၊ ဒါတောင်မှ သူက နယ်က တက်လာရတာတဲ့၊ နယ်ကမို့လို့သာပဲ"
အဲဒီလို အပြောမျိုးတွေကလဲ ကျွန်တော့် မာနနှင့်သိက္ခာကို ထိခိုက်လျက်ရှိသည်။ ကျွန်တော်ကဖြင့် မိဘ အသိုက်အ၀န်းတောင့်တဲ့ ရန်ကုန်သားသာ ဆိုတယ်၊ ခုရွယ်ထိ ဘာမှ ဟုတ်တိ ပတ်တိ ဖြစ်မလာသေး။ တစ်နေ့ တစ်နေ့ ထမင်းချိုင့်ကလေးဆွဲကာ ရုံးတက်နေရတုန်း။ အားရင် သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်ကာ ဟိုးဟိုးဟားဟား အပြောများတုန်း၊ ကျွန်တော့်ရဲ့ညတွေကို ဘောလုံးပွဲတွေက ၀ါးမျိုထားတုန်း၊ ကျွန်တော့် မိဘတွေက စီးပွားရေးလုပ်ငန်းလုပ်ဖို့ အရင်းအနှီး ထုတ်ပေးမယ်ပြောလည်း ကျွန်တော်က လုပ်ချင်ကိုင်ချင် ဦးဆောင်ချင်စိတ်မရှိတာမို့ ငြင်းပယ်မိတုန်း။ အဲဒီလို ကျွန်တော်က ဘ၀ကို ၀ါးတားတား ဖြတ်သန်းနေချိန်မှာ သူမရဲ့ဘ၀ကတော့ တဖြည်းဖြည်း ထင်းလင်းတောက်ပလာခဲ့ပြီ ဖြစ်သည်။
အမြဲတမ်း မျက်နှာကလေး မော့ချီကာ တောက်ပစူးရှသော မျက်ဝန်းများဖြင့် လူတကာကို လွှမ်းလွှမ်းမိုးမိုး ကြည့်တတ်သော၊ သင်တန်းပေါင်းစုံတက်ကာ ပညာရပ်များစွာကို လောဘတကြီး သင်ယူနေတတ်သော၊ စီးပွားရေး လာဘ်မြင် အကွက်မြင်ကာ ဘယ်အရာမဆို လှစ်ခနဲနေအောင်ပါသော၊ နေရာတကာ ဦးဆောင် ဦးရွက် ပြုလိုကာ တာဝန်ယူစိတ်လဲ အပြည့်ရှိသော သူမလို ချစ်သူ တစ်ယောက်ရဲ့ဘေးမှာနေရသော ယောက်ျား တစ်ယောက်ရဲ့ ဘ၀ဟာ ဘယ်လောက်ဆိုးသလဲဆိုတာ ယောက်ျားချင်းမှသာ နားလည် နိုင်ပါလိမ့်မည်။
သူမက အောင်မြင်လေ၊ ကျွန်တော်က သိမ်ငယ်လေ။ တဖြည်းဖြည်း ယောက်ျား၁ယောက် ရဲ့ အခန်းကဏ္ဍ ပျောက်ဆုံးလာကာ ကိုယ့်ကိုကိုယ် သေးကျုံ့လာသည် ဟုတောင် ခံစားရသည်။ သူမကို မိန်းမ ၁ယောက်ဟု သတ်မှတ်လို့ မရတော့သောအခါ ကျွန်တော့်ရဲ့ ရင်ခုန်သံတွေလဲ ဆိတ်သုဉ်းပျောက်ပျက် သွားရတောာ့သည်။
ကျွန်တော် ကိုယ်တိုင်က သိပ်အညံ့စား လူတစ်ယောက် မဟုတ်ခဲ့ပေမယ့် သူမနှင့်ယှဉ်လိုက်တိုင်း စုတ်ပြတ်သတ်အောင် ညံ့ထွက်သွားလေ့ရှိသည်။ သူမနှင့် ယှဉ်လိုက်လျင် သူမက ထင်းလင်းဝင်းပနေပြီး ကျွန်တော်က သေးနုပ်မှုန်ကုပ်လာသည်။
သူမနှင့် ပတ်သက်ပြီး ကျွန်တော့်မှာ ဘာတာဝန် ယူစရာမှလည်း မရှိခဲ့ပါ။ မင်္ဂလာဆောင်ဖို့ ငွေစုစရာလဲ မလို (သူမ စုထားတာ ပြည့်တောင်ပြည့်တော့မည်တဲ့)။ သူမနှင့် မင်္ဂလာဆောင်ပြီး အတူနေရန် တိုက်ခန်းဝယ်ဖို့ ကြိုးစားစရာလဲ မလို (သူမက အပျိုဘ၀နှင့်ပင် တစ်အိုးတစ်အိမ် ထူထောင်ထားနိုင်ပြီတဲ့)။ စီးပွားရေးအတွက် ပူပင်စရာလဲ မလို (သူမက ၀င်ငွေကောင်းသော လုပ်ငန်း၁ခုကို ထူထောင် အောင်မြင်နေပြီတဲ့)။ သူမကို လက်ဝတ်လက်စား ၀ယ်ပေးဖို့လဲ မလို (သူမက ခုကတည်းက အမြော်အမြင် ကြီးကြီးနှင့် လက်ဝတ်ရတနာတွေ ၀ယ်စုနေပြီတဲ့)။
သူမက ယောက်ျား တစ်ယောက်ရဲ့ ဖြစ်တည်မှုကို ထိုအခြေအနေများဖြင့် ဖျက်ဆီးလျက်ရှိသည်။ သူငယ်ချင်းတွေကတော့ ပြောကြသည်။
"မင်းကွာ ဘယ်လောက်တာဝန်ပေါ့လဲ၊ ရယ်ဒီမိတ်ပဲ.. ဒါမျိုးရတာ မင်းရဲ့ အင်မတန်ထူးတဲ့ ကံကြောင့်ပဲ"
ကျွန်တော်ကတော့ အဒီလို မထင်ပါ။ နေမကောင်းလို့မှ ကိုယ့်လက်မောင်းပေါ် လာမှေးဖို့ စိတ်ကူးမရှိသော မိန်းမတံခွန် လူရည်ချွန်မျိုးရဲ့ အနားမှာ တစ်သက်လုံး နေသွားဖို့ စိတ်ကူးရင်းနဲ့တောင် စိမ့်တုန်အောင် ကြောက်လာသည်။
ကျွန်တော်က သူမကို လမ်းခွဲစကားပြောတော့ သူမက ကြေကွဲသော်လည်း စူးရှသောမျက်ဝန်းများဖြင့် ကျွန်တော့်ကို စိုက်ကြည့်ရင်မေးသည်။
"အကြောင်းပြချက်က ဘာလဲ"
"မင်းက ငါ့ကို ယောက်ျားတစ်ယောက် အဖြစ် ဖြစ်တည်ခွင့် မပေးခဲ့လို့ပဲ"
ကျွန်တော်၏ ဒုတိယချစ်သူ မှာတော့ အားငယ်ရိပ် သန်းသော မျက်ဝန်း ညို့ညို့လေးတွေ ရှိသည်။ ကျွန်တော့် အပေါ် အလုံးစုံ မှီခိုကိုးစားလိုစိတ် ရှိသည်။ ဘယ်အရာမဆို မျက်နှာငယ်လေးနှင့် နောက်ယို့နေကာ ကျွန်တော့်ကိုသာ ရှေ့တန်းတင် ဦးဆောင်စေတတ်သူလဲ ဖြစ်သည်။ သူမက သူမရဲ့ အိတ်ကလေးမှာ အရုပ်ပါသော သော့ချိတ်ကလေး တတ်လျှင်တောင် "ကိုကို.. ၀တီ မလုပ်တတ်ဘူး.. ကိုကို လာချိတ်ပေး" ဟု မူနွဲ့နွဲ့လေး ဆိုတတ်သည်။ ဘတ်စ်ကား တိုးစီးကြလျှင် ကျွန်တော့် အင်္ကျီစကိုဆွဲကာ နောက်မှ ယို့ယို့ကလေး လိုက်တတ်၏။ ကျွန်တော် ဦးပေးသောနေရာမှာ အပြေးအလွှား သွားထိုင်တတ်၏။ ထမင်းစားလျှင်တောင် အရိုးလေး နွှင်ပေးပါဦးဟု ဆိုတတ်၏။ သူမလိုချင်သော အင်္ကျီ၊ ကလစ်၊ ဖိနပ်၊ အိတ်၊ ရေမွှေး အစရှိတာတွေ တွေ့ပြီများဆို ကျွန်တော့်လက်ကို အသားကုန် လှုပ်ရမ်းကာ "ကိုကို ရေ... ၀ယ်ပေးကွာ..၀ယ်ပေးကွာ" ဟု ပူဆာတတ်သေး၏။
ပြီးတော့ သူမ မကြာခဏ သည်းညူတတ်သည့် စကားလုံးလေးတွေကို နားထောင်ကြည့် ပါဦး။
"ကိုကိုရေ.. ၀တီတို့ လက်ထပ်ပြီးရင် ဘယ်သူ့အိမ်မှ လိုက်မနေကြေးနော်.. အိမ်ငှားပြီးတော့လဲ မနေချင်ပါဘူး.. ၀တီ တို့ အခန်းပိုင်လေးနဲ့ နေရအောင်တော့ ကြိုးစား ပေးပါ ကိုကိုရယ် နော်.."
"ကိုကို ရေ.. ဘတ်စ်ကားစီးရတာ အရမ်း ပင်ပန်းတာပဲနော်.. ကိုကို့ လက်ကိုဆွဲပြီး တိုးစီးနေရလို့သာ ပင်ပန်းတဲ့ ဒဏ်ကို ခံနိုင်နေတာ... နို့မို့ဆို မလွယ်ဘူး သိလား.. ၀တီ တို့ ဘတ်စ်ကား တိုးစီးရတဲ့ ဘ၀က လွတ်အောင် လုပ်ဖို့က ကိုကို့ တာဝန်ပဲနော်.."
"ကိုကို ရေ... ၀တီ့ ဘ၀မှာ ကိုကို မရှိတော့ရင် ဘာဖြစ်သွားမလဲ ဆိုတာ တွေးတောင် မတွေးရဲဘူး သိလား.. ကိုကို့ ကြောင့်သာ ဘ၀မှာ နေရကျိုး နပ်တယ်ထင်တာပဲ"
သူမက အဲလိုပြောလေ၊ ကျွန်တော့်ရဲ့ ယောက်ျားဘ၀ ဖြစ်တည်မှုက ပိုပြီး ကြီးကျယ်လာလေ၊ ကြိုးစားလိုစိတ် တာဝန်ယူလိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာလေ။
ကျွန်တော့်မှာ သူမလိုချင်တာလေးတွေ ၀ယ်ပေးဖို့ ပိုက်ဆံစုရ၊ အလုပ်ကြိုးစားရနှင့် အားကိုးရကျိုးနပ်သော ယောက်ျား ၁ယောက် အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ရသည်။ ထစ်ခနဲဆို အားငယ်ဝမ်းနည်းကာ မျက်ရည်ကလေး ခိုတွဲမှီနွဲ့လာသော သူမနံဘေးက ကျွန်တော့်ရဲ့ အရည်အသွေးတွေဟာ ရှိရင်းစွဲထက် ပို၍ တောက်ပြောင်လာသည်။ နဂိုက သိပ်တော်လှသူ မဟုတ်ပေမယ့် သူမနှင့်ယှဉ်လိုက်တိုင်း ကျွန်တော်က ဧရာမ မဟာပုဂ္ဂိုလ်ကြီး ဖြစ်ဖြစ်သွားတတ်သည်။ ဒီလို ဘ၀မှာ ကျွန်တော် တော်တော် ပျော်ပါသည်။
ကျွန်တော် သူမနှင့် လက်ထပ်ဖို့ ဆုံးဖြတ်တော့ သူငယ်ချင်းတွေက ရှုံ့ချကြသည်။
"မင်း ကောင်မလေးက ခပ်ညံ့ညံ့လေးပါကွာ.. သူ့နားနေမယ်လူကို အမြဲဝန်ပိနေစေမယ့် သူမျိုး"
သူငယ်ချင်းတွေက ဘာပဲပြောပြော ကျွန်တော်က ခပ်ညံ့ညံ့ပဲ ကြိုက်ပါသည်။
.........................
ပထမ ချစ်သူ
လူတွေက ကျွန်မကို သိပ်တော်တာပဲလို့ ပြောကြတယ်..
တကယ်တော့ ကျွန်မက ညံ့ပါတယ်..
ကျွန်မက စီးပွားရှာတဲ့ နေရာမှာသာ သိတာ တတ်တာများပေမယ့် ယောက်ျား တစ်ယောက်ရဲ့ စိတ်ကိုတော့ ဘာမှ နားမလည်ခဲ့တဲ့ နလပိန်းတုန်း ပါ။ ကျွန်မ စိတ်ထဲမှာ ချစ်သူအတွက် 'စေတနာ' တွေပဲရှိတာပါ။ မပင်ပန်း စေချင်တဲ့ စေတနာ၊ ၀န်မပိ စေချင်တဲ့ စေတနာတွေနဲ့ အရာရာကို ကျွန်မပဲ ကျုံးလုပ်ရင်း ပင်ပန်းခံခဲ့မိပါတယ်။ ပိစိညှောက်တောက် အရာလေးတွေနဲ့လဲ သူ့ကို စိတ်မရှုပ်စေချင်ဘူး။ အလေးအမြတ် တန်ဖိုးထားလွန်းလို့ .. မဟုတ်ပါလေး၊ဟုတ်ပါလေး အရာလေးတွေ အတွက် မခိုင်းရက်ခဲ့ဘူး။ ကျွန်မနဲ့ ပတ်သက်လာရင် ၀န်လေး ပင်ပန်းမှုတွေ မပါဘဲ အချစ်ချည်း သက်သက်သာ ခံစားစေလိုတာလဲ ကျွန်မရဲ့ စစ်မှန်တဲ့ စေတနာ မေတ္တာပါပဲ။
ဒါပေမယ့် သူက ဘာကြောင့်မှန်းမသိဘဲ ကျွန်မကို စွန့်ပစ်ထွက်ခွာ သွားခဲ့တယ်။ သူ့ကို ကျွန်မက ယောက်ျား တစ်ယောက်အဖြစ် ဖြစ်တည်ခွင့် မပေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။
အဲဒါ ဘာကို ဆိုလိုတာလဲ .... ခုထိ ကျွန်မ စဉ်းစား မရသေးဘူး.. အဲဒါကြောင့် ကျွန်မက ညံ့တယ်လို့ ပြောတာပေါ့ .....
................................
ဒုတိယ ချစ်သူ
လူတွေက ကျွန်မကို ခပ်ညံ့ညံ့ မိန်းမ လို့ ဆိုကြတယ်။ တကယ်တော့ ကျွန်မက မညံ့ပါဘူး။ ယောက်ျား တစ်ယောက်ကို ကိုယ့်အနားမှာ အမြဲရှိနေဖို့ ဘယ်လို ဆွဲဆောင်ထားရမလဲ ဆိုတာ ကျွန်မကောင်းကောင်း နားလည်တယ်။
ယောက်ျားတွေကို ဆွဲဆောင်ထားနိုင်ဖို့ အတွက် အခြေခံအချက် ၁ချက်ပဲ လိုတယ်။ အဲဒါ သူတို့ရဲ့ အတ္တကို ဖွံ့ဖြိုးစည်ပင်လာအောင် ပြုစုပျိုးထောင် ပေးခြင်းပဲ။ ပျိုးထောင်ရမယ့် နည်းလမ်း အဖြာဖြာကတော့ ...
၁ - အားကိုးတကြီး အကြည့်လေးတွေနဲ့ ကြည့်တတ်ရမယ်
၂ - အရာရာကို သိနားလည်ပေမယ့် ဘာမှမသိ နားမလည်သယောင် ဟန်ဆောင်တတ်ရမယ်
၃ - ကိုယ်က ဦးဆောင်နိုင်တဲ့ အရာတွေမှာလည်း သူတို့ကို ရှေ့တန်းတင်တတ် ရမယ်
၎ - သူတို့ကို သွားပြီး ဆရာကြီးမလုပ်နဲ့ ၊ အမြင်ကတ်ခံရမယ်
၅ - သူတို့က ဆရာကြီး လုပ်နေတာကိုလဲ "သိသားပဲ" စတိုင် သွားမဖမ်းနဲ့။ မသိချင်ယောင်ဆောင်ပြီး "ဟင်.. ဟုတ်လား" "ဟယ်.. ဒီလိုလား" "အို..အစက လုံးဝ မသိဘူး" ဆိုတာမျိုး ဖော်လိုလေးတွေ လိုက်လိုက်ပေးရင်း သူ့အတ္တကို ရေလောင်းပေးနိုင်ရမယ်...
၆ - ကိုယ်လုပ်တတ်တဲ့ ဟာတွေကို မလုပ်တတ်ဘူး ပြောပြီး မကြာခဏ ခိုင်းခိုင်း ပေးရမယ်
၇ - ကိုယ့်ဘာသာ စဉ်းစား ဆုံးဖြတ်နိုင်တဲ့ အရာလေးတွေကို သူတို့နဲ့ မကြာခဏ တိုင်ပင် အကြံတောင်းတတ် ရမယ်
၈ - အရေးကြီးဆုံးနဲ့ နောက်ဆုံး အချက်ကတော့ ကိုယ့်ဘ၀မှာ သူမရှိလို့ လုံးဝမဖြစ်ဘူး ဆိုတာကို သူတို့ ဦးနှောက်ထဲ အသဲထဲ စွဲနစ်နေအောင် တဖွဖွ ပြောနေဖို့ပါပဲ
ဒီလို နည်းလမ်းတွေနဲ့ ကိုယ့်ဘ၀မှာ သူမရှိလို့ မဖြစ်ဘူး၊ သူသာလျှင် အားကိုးရာ အရှင်သခင် ဆိုတဲ့အသိကို သူတို့ စိုက်ဝင်စွဲမြဲနေအောင် စွမ်းဆောင်နိုင် ဖို့လိုတယ်။ ဒါ ယောက်ျားဆိုတဲ့ အမျိုးအစားတွေကို ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေပဲ...
အဲဒီနည်းတွေနဲ့ပဲ ကျွန်မကို စွမ်းစွမ်းတမံ ရှာကျွေးမယ့် ယောက်ျား တစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့ ပြီလေ။
အဲဒါကြောင့် ကျွန်မက မညံ့ဘူး ပြောတာပေါ့ .....
No comments:
Post a Comment